ကျွန်တော့် သူငယ်ချင်း စစ်ဆရာဝန်ဗိုလ်ကြီး တစ်ယောက်ရဲ့ ကိုယ်တွေ့ အဖြစ်အပျက် ရယ်စရာလေးကို တဆင့် ဖောက်သည် ချချင်လို့ပါ။
ကျွန်တော့် သူငယ်ချင်းက အခု ကျိုင်းတုံမြို့နားက တုံတား ဆိုတဲ့ ရွာမှာ တာဝန်ကျနေတယ်။ သူတို့ တပ်က တုံတားရွာနားက တောင်ထိပ်မှာပေါ့။
တစ်နေ့တော့ ကျွန်တော့်သူငယ်ချင်းက ရွာထဲက ဘုန်းတော်ကြီးကျောင်းကို သွားဖူးပါတယ်။
အဲဒီမှာ ကပ္ပိယလေးက သူ့ရဲ့ လက်ကိုင်ဖုန်းကို မြင်တွေ့သွားပြီး အံ့သြတစ်ကြီး မေးပါတော့တယ်။
“ဆရာ.. ဆရာ.. ဆရာ့ခါးပေါ်ကဟာက MP4 လားဗျာ။ ဆရာဟာ့က ဒီဇိုင်းတစ်မျိုးပါလား။ တစ်ခြားဟာတွေထက်လဲ ပိုကြီးတယ်နော်။ ” လို့ မေးတယ်။
ဒါနဲ့ သူက “သြော်၊ ဒါက လက်ကိုင်ဖုန်းပါ။ MP4 မဟုတ်ပါဘူး။”
ကပ္ပိယလေးက “ဟုတ်လား၊ အဲဒါ လက်ကိုင်ဖုန်းလား၊ ခေါ်လို့ရတာပေါ့နော်။ ”
“အင်း၊ ခေါ်လို့ ရပါတယ်။”
ဒီလိုနဲ့ ကပ္ပိယလေးက သူရဲ့ ဖုန်းနံပါတ်ကို မှတ်သွားပါလေရောတဲ့။ သူကလဲ ခေါ်မယ် မထင်တော့ အမှုမဲ့ အမှတ်မဲ့ ပေးလိုက်တာပေါ့။ ပြီးတော့ သူလဲ ဆရာတော်ကြီးနှင့် စကားပြောနေတော့ ကပ္ပိယလေးကို မေ့သွားတယ်။
ဒါနဲ့ နောက် သုံးရက်လောက်ကြာ သူ ဘုန်းကြီးကျောင်းကို တစ်ခေါက် ထပ်လာတော့ ကပ္ပိယလေးက အမောတကော သူကို လာမေးတယ်။
“ဆရာ..ဆရာ.. ဆရာ့ မိန်းမက အခု ဆရာနှင့် လာနေနေတာလားဗျ။”
သူလဲ လန့်သွားပြီး..”ဟာဗျာ၊ ကျွန်တော်က လူပျိုဗျ။ ဘယ်က မိန်းမ ရှိရမှာလဲ။”
ကပ္ပိယလေးက နည်းနည်းငိုင်သွားပြီး “ဟုတ်ရဲ့လား.. ဆရာရယ်။”
“ဟုတ်ပါတယ်။ ဒါနဲ့ နေပါအုံး.. ခင်ဗျားက ဘာလို့ အဲလို မေးတာလဲ။”
ကပ္ပိယလေးက ပြောသင့်၊ မပြောသင့် စဉ်းစားပြီး
“ဒီလိုဗျ။ ဟိုနေ့က ကျွန်တော် ကျိုင်းတုံကို တက်သွားတယ်။ အဲမှာ ပြန်ခါနီးကျတော့ ဆရာ နှင့် ဘုန်းဘုန်းတို့ ဘာများ မြို့က အလိုရှိလဲလို့ လှမ်းမေးချင်လို့ ဆရာဖုန်းကို ဆက်လိုက်တယ်။ အဲဒါ အမကြီး တစ်ယောက်က လာကိုင်တယ်ဗျ။ သူက ” လူကြီးမင်းခေါ်ဆိုနေသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာ ပြင်ပသို့ ရောက်နေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်” လို့ ပြောတယ်ခင်ဗျ။ ဒါနဲ့ ကျွန်တော်လဲ “ဟာ.. မဟုတ်တာဗျာ၊ မနေ့ကမှ ကျွန်တော် သူ့ကို ရွာကဘုန်းကြီးကျောင်းမှာ တွေ့ခဲ့သေးတယ်။ ချက်ချင်းကြီး ပြင်ပ ရောက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူးဗျာ။ ကျွန်တော် သူကို မေးစရာ ရှိလို့ပါ။ ခေါ်ပေးပါဗျာ” လို့ ရိုရိုသေသေ ပြန်ပြောတယ်။ ဒါပေမယ့် ဆရာ့မိန်းမ.. အဲ.. အဒီဲ မိန်းမက စိတ်ဆိုးနေလို့လား မသိပါဘူးဗျာ.. ဆရာ ပြင်ပ ရောက်နေတယ်ကြီး ဆက်တိုက် ပြောနေတာဗျ။ ကျွန်တော်ကလဲ ဆရာနှင့် ဘယ်လိုတွေ့တယ်၊ ဒီနံပါတ်ကို ဘယ်လိုရတယ်၊ ဘာကြောင့်ဆက်တယ်ကို သေချာ ရှင်းပြ ပါတယ်ဗျာ။ ဒါပေမယ့် မရဘူးဗျ။ သူက ခေါ်မပေးတဲ့အပြင် ပြင်ပချည်းရောက်နေတာ။ ဒါနဲ့ ကျွန်တော်လဲ လက်လျှော့ပြီး ” ဟုတ်ကဲ့။ ဟုတ်ကဲ့။ ဒါဆိုလဲ နေပါစေတော့ဗျာ” လို့ ပြောပြီး ဖုန်းချလိုက်တာ။ ဆရာ့မိန်းမက စိတ်တိုပြီး လက်ပေါက်ကတ်တဲ့ အစားထဲကလားဟင် ”
ထိုအချိန် ကျွန်တော့် သူငယ်ချင်း ပါးစပ်မှ ထွက်လာသော စကားမှာကား… ” ဟား..ဟား..ဟားး” ….
xxxxxxxxxxxxxxxxxxxxxxxx
သြော်.. ပြောဖို့ မေ့နေတယ်။ အဲရွာမှာ နေ့လည် ၂ နာရီကနေ ညနေ ၄ နာရီထိ ဖွင့်ပေးတဲ့ အိပ်ချိန်းရုံးက ဖုန်းလေး တစ်လုံးပဲ ရှိတယ်တဲ့။
သူငယ်ချင်းများ ရယ်မော အသက်ရှည်နိုင်ကြပါစေ။
(၂၅. ဇန်န၀ါရီလ. ၂၀၁၀)